အခုကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သိထားသင့်တဲ့ ကိန်းဂဏန်းအချက်အလက်များ
အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ပြိုင်ပွဲဝင်အသင်း ၄၈ ခု၊ အားကစားကွင်း ၁၆ ခုနဲ့ ၃၉ ရက်တာကာလအတွင်း စံချိန်တင်ပွဲစဉ်ပေါင်း ၁၀၄ ပွဲအထိ ကစားသွားရဖို့ရှိပြီး သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်လာပါလိမ့်မယ်။ ဒါက အုပ်စုလေးခုထပ်မံတိုးချဲ့လိုက်သလို ရှုံးထွက်အဆင့်မှာ ၃၂ သင်းအဆင့်ကို စတင်မိတ်ဆက်ကာ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ၃၂ မှ ၄၈ အထိ တိုးမြှင့်လိုက်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ဆုံးဖြတ်ချက်အပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်လိုက်မှုကြောင့် ၁၉၉၈ ခုနှစ်နောက်ပိုင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲခုနစ်ကြိမ်လုံးမှာ ကျင့်သုံးခဲ့တဲ့ ၃၂ သင်း၊ ၆၄ ပွဲစနစ်မှ ကွဲထွက်သွားပါတယ်။ ဒါ့အပြင် ၂၀၀၂ ခုနှစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးနောက်ပိုင်း နိုင်ငံအများအပြားပူးပေါင်းကျင်းပမယ့် ဒုတိယမြောက်ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်ပါတယ်။
ဒီနှစ်ကမ္ဘာ့ဖလားမှာ မက္ကဆီကိုနိုင်ငံက ဇွန် ၁၁ ရက်၊ မက္ကဆီကိုစီးတီးမှာ ကစားမယ့် အိမ်ရှင်အသင်းနဲ့ တောင်အာဖရိကတို့ရဲ့ အဖွင့်ပွဲစဉ်အပါအဝင် ပွဲစဉ် ၁၃ ခုနဲ့ ရှုံးထွက်အဆင့်ပွဲစဉ် ၃ ခုကို လက်ခံကျင်းပသွားပါလိမ့်မယ်။ ကနေဒါနိုင်ငံကလည်း ဇွန် ၁၂ ရက်၊ တိုရွန်တိုမြို့မှာ ကစားမယ့် အိမ်ရှင်အသင်းနဲ့ ဘော့စနီးယား-ဟာဇီဂိုဗီးနားတို့ရဲ့ အု်ပစုအဖွင့်ပွဲစဉ် အပါအဝင် ပွဲစဉ် ၁၃ ခုနဲ့ ရှုံးထွက်အဆင့် ပွဲစဉ် ၃ ခုတို့ကို လက်ခံကျင်းပသွားပါမယ်။ အမေရိကန်ပြည်ထောင်စုကတော့ ပွဲစဉ်အများစုကို လက်ခံကျင်းပသွားဖို့ရှိပြီး ဇွန် ၁၂ ရက်၊ လော့စ်အိန်ဂျလိစ်ဒေသမှာ အမေရိကန်အသင်းနဲ့ ပါရာဂွေးတို့ ယှဉ်ပြိုင်ကစားမယ့် အုပ်စုအဖွင့်ပွဲစဉ်အပါအဝင် အားကစားကွင်း ၁၁ ခုမှာ စုစုပေါင်း ၇၈ ပွဲကို ဧည့်ခံကျင်းပသွားပါမယ်။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲစဉ်အားလုံးကို အမေရိကန်ကပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး နယူးဂျာစီရှိ MetLife အားကစားကွင်းမှာ ဗိုလ်လုပွဲကို ခမ်းခမ်းနားနားကျင်းပသွားဖို့ ပြင်ဆင်ထားပါတယ်။
လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၇၁ နိုင်ငံရှိ ပြည်တွင်းကလပ် ၄၄၉ ခုမှ ရွေးချယ်ထားတဲ့ ကစားသမား ၁,၂၄၈ ဦးအထိ စံချိန်တင်ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒါက ပြိုင်ပွဲကြီးရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို ပေါ်လွင်စေပါတယ်။ ဒီကစားသမားတွေထဲက ၃၅၇ ဦးက ကမ္ဘာ့ဖလားပြိုင်ပွဲအတွေ့အကြုံရှိထားပြီး ၈၉၁ ဦးကတော့ ဘောလုံးလောကရဲ့အကြီးမားဆုံးစင်မြင့်ထက် ပထမဆုံးအကြိမ် ပွဲထွက်ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။
အင်္ဂလန်အခြေစိုက်ကလပ်အသင်းတွေက နိုင်ငံလက်ရွေးစင်အသင်းတွေဆီ ကစားသမား ၂၀၀ ဦးအထိ စေလွှတ်ပေးထားပြီး ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။ ဂျာမနီက ၁၀၉ ဦးနဲ့ ဒုတိယနေရာမှာ ရှိနေပြီး ပြင်သစ်နဲ့ စပိန်တို့က ကစားသမား ၈၆ ဦးစီနဲ့ ကပ်လျက်လိုက်ပါနေပါတယ်။ အလားတူ အီတလီက ၇၁ ဦးနဲ့ ဆော်ဒီအာရေဗျက ၄၉ ဦး ပါဝင်ပါတယ်။ အမေရိကန်မေဂျာလိဂ် (MLS) ကလည်း လက်ရှိကစားနေတဲ့ ကစားသမား ၄၄ ဦးအထိ စံချိန်တင်ပါဝင်ကစားသွားဖို့ရှိပြီး ၁၀၃ ဦးကတော့ လိဂ်မှာကစားဖူးတဲ့ အတွေ့အကြုံရှိကြသူတွေ ဖြစ်ပါတယ်။
ကလပ်အသင်းအဆင့်မှာတော့ ပရီးမီးယားလိဂ်ရဲ့မန်စီးတီးအသင်းက စံချိန်တင်ကစားသမား ၁၉ ဦးနဲ့ အများဆုံးကိုယ်စားပြုခွင့် ရရှိထားပါတယ်။ ဂျာမန်ဘီလူးကြီးဘိုင်ယန်မြူးနစ်က ၁၈ ဦးနဲ့ ဒုတိယနေရာမှာ ရှိနေပြီး ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့က ၁၆ ဦးစီ အသီးသီး ပါဝင်ပါတယ်။ စပိန်ကလပ်ဘာစီလိုနာကတော့ ကစားသမား ၁၅ ဦးနဲ့ ပြိုင်ဘက်တွေရဲ့နောက်မှာ ရှိနေပါတယ်။
၂၂၆
ပေါ်တူဂီကြယ်ပွင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာ နိုင်ငံလက်ရွေးစင်ပွဲစဉ် ၂၂၆ ပွဲ ကစားပေးထားပြီး အမျိုးသားကစားသမားတစ်ဦးချင်းစီအတွက် အများဆုံးစံချိန်လည်း ဖြစ်ပါတယ်။ သူက အာဂျင်တီးနားကြယ်ပွင့်မက်ဆီနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြောက်ကြိမ်အထိ ပါဝင်ကစားခွင့်ရတဲ့ ပူးတွဲစံချိန်ရှင်အဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်။
ရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲငါးကြိမ်မှာ ၂၂ ပွဲပါဝင်ကစားပြီး ရှစ်ဂိုးအထိ သွင်းယူထားနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။
မက်ဆီကတော့ ကမ္ဘာ့ဖလားပွဲစဉ် ၂၆ ပွဲနဲ့ သမိုင်းတစ်လျှောက် အများဆုံးကစားထားသူဖြစ်ပြီး နိုင်ငံလက်ရွေးစင်အဖြစ် အနည်းဆုံးပွဲစဉ် ၂၀၀ ကစားပေးထားတဲ့ တတိယမြောက် ကစားသမားဖြစ်လာဖို့ နောက်ထပ် ၂ ပွဲသာ လိုအပ်ပါတော့တယ်။ ကူဝိတ်ရဲ့ ဘာဒါ အယ်လ်-မူတာဝါကလည်း နိုင်ငံတကာပွဲစဉ် ၂၀၀ ကျော် ကစားထားသူ ဖြစ်ပါတယ်။ ခရိုအေးရှားရဲ့ မိုဒရစ်က အဲဒီစံချိန်ဆီရောက်ရှိဖို့ ၃ ပွဲသာ လိုအပ်ပါတော့တယ်။
မက္ကဆီကိုဂိုးသမားအိုချိုအာက ကစားသမားဘ၀သက်တမ်းတလျှောက် ဆဋ္ဌမအကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ပါဝင်လာခဲ့ပေမဲ့ ၂၀၀၆ နဲ့ ၂၀၁၀ ပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး။
ဂျာမနီအသင်းအတွက် ကလိုဆေးရေးထိုးထားတဲ့ ကမ္ဘာ့ဖလားသွင်းဂိုး ၁၆ ဂိုးဆိုတဲ့စံချိန်က ဒီနှစ်ပြိုင်ပွဲမှာ စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ မက်ဆီက ကမ္ဘာ့ဖလားသွင်းဂိုး ၁၃ ဂိုး သွင်းယူထားပြီး ကလိုဆေး(၁၆ ဂိုး)၊ ဘရာဇီးလ်ကြယ်ပွင့်ရိုနယ်ဒို (၁၅ ဂိုး) နဲ့ ဂတ်မူလာ (၁၄ ဂိုး) တို့ရဲ့ နောက်မှာ ရှိနေပါတယ်။ ပြင်သစ်ရဲ့ အမ်ဘာပေကလည်း ပြီးခဲ့တဲ့ပြိုင်ပွဲနှစ်ခုမှာ စုစုပေါင်း ၁၂ ဂိုးအထိ သွင်းယူထားနိုင်လို့ ဒီစံချိန်ကိုချိုးဖျက်ဖို့ စိန်ခေါ်နိုင်စွမ်းရှိပါတယ်။
ကမ္ဘာ့ဖလားသမိုင်းတလျှောက် ချန်ပီယံဖြစ်ဖူးတဲ့ နိုင်ငံ့လက်ရွေးစင်အသင်း ရှစ်ခုသာရှိပြီး အဲ့ဒီအသင်းတွေအနက် ခြောက်သင်းက ချန်ပီယံဆုကို နှစ်ကြိမ်ထက်မနည်း ရရှိဖူးသလို ဘရာဇီးအသင်းကတော့ ငါးကြိမ်နဲ့ အများဆုံးအဖြစ် စံချိန်တင်ထားပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၁ ကြိမ်အတွင်း ပထမဆုံးအကြိမ်ချန်ပီယံဖြစ်လာတဲ့ နိုင်ငံတွေကတော့ ၁၉၉၈ ခုနှစ်မှာ ပထမဆုံး ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်နဲ့ ၂၀၁၀ ပြည့်နှစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်တို့ပဲ ဖြစ်ကြပါတယ်။
**၂**
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက်မှာ ချန်ပီယံဆုကိုကာကွယ်နိုင်ခဲ့တဲ်နိုင်ငံ နှစ်ခုသာ ရှိဖူးပြီး ပီလီ ဦးဆောင်ခဲ့တဲ့ ဘရာဇီးအသင်း(၁၉၅၈၊ ၁၉၆၂)နဲ့ အီတလီအသင်း(၁၉၃၄၊ ၁၉၃၈)တို့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ်၊ အာဂျင်တီးနားကို အရေးမနိမ့်ခင်အထိ လက်ရှိချန်ပီယံအဖြစ် ရပ်တည်ခဲ့တဲ့ ပြင်သစ်အပါအဝင် လက်ရှိချန်ပီယံအသင်းသုံးခုသာ လေးနှစ်အကြာမှာကျင်းပတဲ့ပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ပြိုင်ပွဲလေးကြိမ်အနက် သုံးကြိမ်အပါအဝင် ကမ္ဘာ့ဖလားလက်ရှိချန်ပီယံအသင်းခြောက်ခုအထိ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရဖူးပါတယ်။ ပြင်သစ်အသင်းကတော့ ၂၀၂၂ ခုနှစ်မှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ အီတလီ (၂၀၁၀)၊ စပိန် (၂၀၁၄) နဲ့ ဂျာမနီ (၂၀၁၈) တို့ကတော့ ရှုံးထွက်အဆင့် မတိုင်ခင်မှာတင် ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
**၃**
ပြင်သစ်အသင်းက ၂၀၁၈ ခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဗိုလ်လုပွဲတက်ခဲ့ပြီးနောက် သမိုင်းတစ်လျှောက် ဗိုလ်လုပွဲသုံးကြိမ်ဆက်တက်လှမ်းနိုင်တဲ့ တတိယမြောက်နိုင်ငံဖြစ်လာမယ့် အခွင့်အရေးကို ပိုင်ဆိုင်ထားပါတယ်။ အနောက်ဂျာမနီအသင်းက ၁၉၈၂ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်မှာ အာဂျင်တီးနားကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ဘရာဇီးအသင်းကတော့ ၁၉၉၄ ခုနှစ်၊ ၂၀၀၂ ခုနှစ်တို့မှာ ဗိုလ်လုပွဲအထိ တက်လှမ်းပြီး ဗိုလ်စွဲခဲ့ပေမယ့် ၁၉၉၈ ခုနှစ်၊ ကမ္ဘာ့ဖလားဖိုင်နယ်မှာတော့ ပြိုင်ဘက်ပြင်သစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
**၂၃**
ဘရာဇီးက ၁၉၃၀ ပြည့်နှစ်၊ ဥရုဂွေးကမ္ဘာ့ဖလားပြိုင်ပွဲမှစလို့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၃ ကြိမ်လုံးကို အစဉ်အလာမပျက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးက နိုင်ပွဲ ၇၆ ပွဲ၊ သွင်းဂိုး ၂၃၇ ဂိုးနဲ့ ဂိုးကွာခြားချက် ၁၂၉ ဂိုးတို့ဖြင့် ထိပ်ဆုံးမှ စံချိန်တင်ထားပါတယ်။ ဂျာမနီအသင်းကတော့ နိုင်ငံပေါင်းစည်းခြင်းမပြုခင် အနောက်ဂျာမနီအဖြစ် ၁၀ ကြိမ်တိုင် ပါဝင်ယှဉ်ပြိုင်မှုအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၁ ကြိမ်ပါဝင်ယှဉ်ပြိုင်ကစားကာ သွင်းဂိုး ၂၃၂ ဂိုး၊ ဂိုးကွာခြားချက် ၁၀၂ ဂိုးတို့ဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံလေးခု ရှိနေပြီး အဲဒီနိုင်ငံတွေကတော့ ကိတ်ဗာဒီ၊ ကူရာကာအို၊ ဂျော်ဒန်နဲ့ ဥဇဘက်ကစ္စတန်တို့ပဲ ဖြစ်ကြပါတယ်။ ဒါက သမိုင်းတလျှောက် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ နိုင်ငံအရေအတွက်ကို ၈၄ နိုင်ငံအထိ တိုးတက်သွားစေပါတယ်။
**၇**
အီဂျစ်အသင်းက ကမ္ဘာ့ဖလားပွဲစဉ် ခုနစ်ပွဲအထိ ကစားခဲ့ဖူးပေမဲ့ နိုင်ပွဲ မရရှိခဲ့ဖူးပါဘူး။ အီဂျစ်က နှစ်ပွဲသရေ၊ ငါးပွဲရှုံးထားပြီး ဇွန် ၁၅ ရက်၊ ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ဒီစံချိန်ဆိုးကို ရပ်တန့်နိုင်ဖို့ ကြိုးစားသွားရပါမယ်။ ကမ္ဘာ့ဖလားပွဲစဉ်အများဆုံးကစားခဲ့ပြီး အနိုင်မရဖူးသေးတဲ့ တစ်ခုတည်းသော နိုင်ငံ့လက်ရွေးစင်အသင်းအဖြစ် ကိုးပွဲကစားထားတဲ့ ဟွန်ဒူးရပ်စ်က ရပ်တည်နေပြီး ဒီနှစ်ပြိုင်ပွဲအတွက်လည်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။
**၂,၇၂၀**
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၂ ကြိမ်မှာ ပွဲစဉ် ၉၅၄ ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ပြီး သွင်းဂိုးအရေအတွက်စုစုပေါင်း ၂,၇၂၀ ဂိုးအထိ ရှိခဲ့ပါတယ်။ အခုထပ်တိုးပါဝင်လာမယ့် ပွဲစဉ် ၄၀ ခုကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားရဲ့သွင်းဂိုးစံချိန်ဖြစ်တဲ့ ၁၇၂ ဂိုးဆိုတဲ့မှတ်တမ်း ပျက်ပြယ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ၁၉၅၄ ခုနှစ်မှာ စံချိန်တင်ခဲ့တဲ့ တစ်ပွဲပျမ်းမျှ ၅ဒဿမ၃၈ ဂိုးသွင်းယူမှုကတော့ ဘေးကင်းသွားဦးမယ်လို့ ယူဆရပါတယ်။
ပြိုင်ပွဲမှာ အသက်အကြီးဆုံးကစားသမားနဲ့ အငယ်ဆုံးကစားသမားအကြား အသက်ကွာခြားမှုက ၂၅ နှစ်ကျော် ရှိပါတယ်။ စကော့တလန်ဂိုးသမား ခရိတ်ဂေါ်ဒွန်က ပြိုင်ပွဲစတင်ချိန်မှာ အသက် ၄၃ နှစ်နဲ့ ၁၆၂ ရက် ရှိနေပြီး မက္ကဆီကိုလူငယ်ကြယ်ပွင့် ဂျီလ်ဘတ်မိုရာကတော့ အသက် ၁၇ နှစ်နဲ့ ၂၄၀ ရက်သာ ရှိနေပါဦးမယ်။